Logo
ဆားတော်အုပ် ဦးထွန်းအောင် အိမ်ကိုရှာခြင်း

ဗိသုကာပညာ သင်ယူစဉ်အချိန်က ရှေးမြန်မာအိမ်များအကြောင်းကို သင်ယူခဲ့ရသည်။ ကျောင်းပြီးသည့်အခါတွင် မိမိသိခဲ့၊ သင်ခဲ့ရသော ရှေးမြန်မာအိမ်များ အပြင်တွင် တည်ရှိနေသေးလား၊ ပျက်စီးသွားပြီလား၊ ဘယ်လိုအခြေအနေဖြစ်နေပြီလဲ စသဖြင့် သိချင်လာမိသည်။

ဒီသိချင်စိတ်တစ်ခုတည်းဖြင့် လေ့လာရှာဖွေဖြစ်ခဲ့သည်။ ဦးကြင်ဥ အိမ်ကိုတွေ့ခဲ့သည်။ မီးလောင်ကျွမ်းသွား၍ ပျောက်ပျက်သွားပြီဖြစ်သည့် ဦးကောင်းအိမ်၏ တည်ရှိခဲ့သည့် နေရာလည်း ရောက်ခဲ့သည်။ ဆားတော်အုပ် ဦးထွန်းအောင်အိမ်ကို ရှာဖွေနိုင်ရန် ဟန်လင်းသို့ သွားရောက်ဖြစ်ခဲ့သည်။ မှတ်တမ်းတွင် မပါသည့် မြန်မာအိမ်အချို့ကိုလည်း တွေ့ရှိမှတ်တမ်းယူနိုင်ခဲ့သည်။ ယင်းတို့အထဲမှ ဦးထွန်းအောင် အိမ်၏ အခြေအနေကို ဖေါ်ပြလိုက်ရသည်။


ဟန်လင်းသို့ရောက်ရှိခြင်း

၂၅၊ သြဂုတ်၊ ၂ဝ၁၈ ခုနှစ် မနက်ပိုင်းတွင် စိုင်နိုင်-ဟန်လင်း လမ်းဆုံသို့ရောက်ရှိခဲ့ပြီး ၁ဝနာရီဝန်းကျင်တွင် ဟန်လင်းရွာမကြီး အတွင်းသို့ ရောက်သည်။ ဟန်လင်းသည် ရွာမကြီး၏ နာမည်ဖြစ်သည်။ ရွာငယ်ပေါင်းများ စွာဖြင့် စုပေါင်းတည်ရှိနေ၍ ဟန်လင်းကြီးဟုလည်း ခေါ်ဆိုကြသည်။ အိမ်ခြေ ၁၃ဝဝခန့်၊ ဘုန်ကြီးကျောင်း၊ ၁၄ကျောင်းနှင့် ဘုရားစေတီ ၃ဝဝခန့်ရှိသည်။

ရွာအတွင်း ရေပူအိုင်၊ ရေအေးအိုင်များရှိသည်။ ဆားချက်သည့် လုပ်ငန်းရှိသည်။ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်သည်။ တစ်နေ့ ပိဿာတစ်ရာဝန်းကျင် ထွက်သည်။ မိုးတွင်းတွင် ဆားမချက်နိုင်သဖြင့် မိုးတွင်းကာလအတွင်း လယ်စိုက်ကြသည်။

ဟန်လင်းမှ ထွက်သောဆားသည် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းထားသည့်အချိန်က အထက်မြန်မာပြည်ကို ဆားမပို့ဘဲ ပိတ်ထားရန်ကြံစည်ခဲ့စဉ်အချိန်က အညာကထွက်သောဆားအဖြစ် အင်္ဂလိပ်တို့ဆားတင်ပို့မှု ပိတ်ပါကလည်းမမှုကြောင်းကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့်လည်း မြန်မာဘုရင်က ဆားတော်အုပ်ဦးထွန်းတို့လို အရာထမ်းများကိုခန့်အပ်၍ ကြပ်မတ်စေခဲ့ခြင်းဖြစ်သည်။ (လူထုဦးလှ၊ ကျွန်တော်ဆားချက်သမား)


ဆားတော်အုပ် ဦးထွန်းအောင် အိမ်ကိုရှာဖွေခြင်း

ရွာသို့ရောက်ရှိပြီးနောက် ဦးထွန်းအောင်အိမ်သို့ သွားရောက်နိုင်ရန် ဟန်လင်းပြတိုက်ရှိ တာဝန်ရှိသူများကို မေးမြန်စုံစမ်းခဲ့သော်လည်း အချက်အလက်အတိအကျ မရရှိခဲ့။ ထို့နောက်တွင် ဟန်လင်းမြို့ဟောင်းအတွင်းရှိ ကုန်းအမှတ် - ၂၆ ကိုသွားရောက် လေ့လာရင်း ယင်းကုန်းအမှတ်အား စောင့်ကြပ်သည့် ဦးမောင်စန်း (ခ) ဦးစန်းဝင်းကို မေးမြန်းကြည့်သည့်အခါ သူ၏ သူငယ်ချင်းဖြစ်သူသည် ယင်းအိမ်ပိုင်ရှင် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူ၏ လမ်းပြမှုဖြင့်ပင် ဦးထွန်းအောင် အိမ်ရှိခဲ့ရာ နေရာသို့ ရောက်ခဲ့သည်။

ဦးထွန်းအောင်အိမ်နေရာတွင် ပြန်လည်တည်ဆောက်ထားသည့် အိမ်တွင် လက်ရှိပိုင်ဆိုင်နေထိုင် သူသည် ဦးခင်မောင်တင့် (မြန်မာသက္ကရာဇ် ၁၃၂ဝ - လက်ရှိ) ဖြစ်ပြီး အိမ်နှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းဖြစ်ခဲ့သည်။


ဆားတော်အုပ် ဦးထွန်းအောင်အိမ်၏ လက်ရှိအခြေအနေ

ဦးခင်မောင်တင့်၏ ပြောပြချက်များအရ သူ့အသက် ၁ဝနှစ်ဝန်းကျင်ကတည်းက မူလရှေးအိမ်ကို ဖျက်၍ အသစ်ပြန်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဦးမျိုးမြင့်စိန်တို့ အဖွဲ့ လာရောက်တိုင်းတာပြီး နှစ် နှစ်ဝန်းကျင်ခန့်တွင် ခန်းဖွဲ့တစ်ခန်း ပြိုပျက်သွားသည့်အတွက် အကုန်ဖျက်၍ အသစ်ပြန် ဆောက်ခဲ့ခြင်းဖြစ်သည်။ နွားတင်ကုပ်ကိုလည်း မူလနေရာတွင်ပင် အသစ်ပြန်တည်ဆောက်ခဲ့သည်။ ကုန်းတိုက်နှင့် စပါးတိုက်တို့သည်လည်း ပျောက်ပျက်သွားပြီဖြစ်ပြီး ယင်းတို့တည်ရှိခဲ့သည့် မြေနေရာ အစိတ်အပိုင်း အချို့သည်လည်း လျော့ပါးသွားပြီ ဖြစ်သည်။

စပါးကျီကိုသာ မူလအတိုင်းထားရှိခဲ့ပြီး အိမ်အသစ်ပြန်ဆောက်ပြီး နှစ်အတန်ကြသည့်အခါတွင် အုပ်ကြွပ်မိုးများကို သွပ်မိုးများဖြင့် ပြောင်းမိုးခဲ့သည်။


ဦးမျိုးမြင့်စိန်နှင့်အဖွဲ့ အိမ်သို့ လာရောက်လေ့လာတိုင်းတာခဲ့ခြင်း

ဟန်လင်းရွာကြီးအတွင်းရှိ ကုန်ကြောင်းရပ်မှ ဒေါ်အေးတင်ရဲ့မြေးက ဦးမျိုးမြင့်စိန်နှင့်အဖွဲ့ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့ လာရောက်တိုင်းတာစဉ်အချိန်က တည်းခိုနေထိုင်ခဲ့သည့် ညောင်ကိုးပင်ဘုန်းကြီးကျောင်းမှ လက်ရှိကျောင်းထိုင် ဆရာတော်ဦးတေဇနိယက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာရောက်တိုင်းတာစဉ်အချိန်က လက်ရှိဆရာတော်သည် ၁ဝနှစ်ဝန်းကျင်သာရှိပြီး ကျောင်းထိုင်မှာ ဆရာတော်ဥူးနာဂ (၁၃၄၂- ၁၉၈ဝ) ဖြစ်သည်။ ဦးထွန်းအောင်နေအိမ်၏ နောက်ခံရာဇဝင်အချက်များကို ဆရာတော်ဦးနာဂ၏ စုဆောင်းမှတ်တမ်းများမှ ရသည်ဟု ဦးမျိုးမြင့်စိန်တို့က မှတ်တမ်းတင်ထားခဲ့သည်။

ဆရာတော်ဦးနာဂသည် ဆရာတော်ရွှေကိုင်းသားကဲ့သို့ပင် ရှေးဟောင်းပစ္စည်းများ စုဆောင်း သိမ်းဆည်းရသည်ကို ဝါသနာပါသည်။ ဆရာတော်စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများကို ကျောင်းတွင် သိမ်းဆည်းပြသထားသည်မှာ သီးသန့်အဆောက်အအုံဖြင့် ပြတိုက်ငယ်ကလေးကဲ့သို့ပင် ဖြစ်နေသည်။

ဦးနာဂနောက်ဆက်ခံသည့် ဆရာတော်ဖြစ်သည့် ဦးတေဇနိယအား မှတ်တမ်များ ကျန်ရှိသေးလားဟု မေးမြန်း သည့်အခါ ၁၉၈၁ခုနှစ်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း ရဲမင်းကြီး ဦးကျော်ကျော်မှ ဆရာတော်ဦးနာဂ၏ မှတ်တမ်း များကို ယူသွားပြီးသည့်နောက် ပျောက်သွားခဲ့ပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်။ အချက်အလက်မှတ်တမ်းများပါ အစပျောက်ပြီဖြစ်သည်။


ဦးထွန်းအောင် လှူဒါန်းခဲ့သည်ဟု ယူဆရသောကျောင်း

ပြသာဒ်ကျောင်းဟု လက်ရှိတွင် အမည်တွင်နေသည့် ဘုန်းကြီးကျောင်းသည် ဦးထွန်းအောင်လှူဒါန်းခဲ့သည့် ကျောင်းဖြစ်သည်ဟု ယူဆရသည်။ ဦးမျိုးမြင့်စိန်စာတန်းတွင်လည်း ဦးထွန်းအောင်က ဘုန်ကြီးကျောင်းဆောက်လုပ် လှူဒါန်းခဲ့သည့် အကြောင်းကို ထည့်သွင်းဖေါ်ပြထားသည်။ ယခုအခါတွင် ကျောင်းသည် အတော်ပျက်စီးနေပြီဖြစ်သည်။ ကျောင်းမှ ကြွင်းကျန်သော တံခါးတံကဲ၊ အပြောက်အမွမ်းတို့ကို ဆရာတော်တို့မှ စုဆောင်းပြီး ကျောင်းငယ်အတွင်း ဘုရားခန်းအတွင်း ပြုပြင်ထိန်းသိမ်းထားသည်။

ဖေါ်ပြပါအချက်များကို ကြိုးစားတင်ပြထားသော်လည်း အားနည်းချက်၊ လိုအပ်ချက်များက ရှိနေဦးမည်သာ။ ထို့ကြောင့် လိုအပ်ချက်များရှိပါကလည်း ညွှန်ပြနိုင်ကြောင်း၊ သိရှိမှတ်တမ်းတင်ထားမှုများ ရှိနေပါကလည်း ဖြည့်စွက်ပေးစေလိုပါကြောင်းကိုလည်း ဖေါ်ပြတောင်းဆိုအပ်ပါသည်။

Copy Right 2021 © SHELTER 9 Architects. All rights Reserved.